ဒေါ်လာ တစ်သိန်းကျော်တန် ငါးကြီးအား ခိုးယူစားသောက် ခဲ့သည့် အလုပ်သမား ၃ ဦး ဖမ်းဆီးခံရ
ဖိလစ်ပိုင်နိုင်ငံ၊ ကွီဇွန်ပြည်နယ်၊ ပါဂ်ဘီလာအို (Pagbilao) မြို့နယရှိ Costa Solano Resort and Leisure Park အပန်းဖြေစခန်းတွင် မွေးမြူထားသည့် တန်ဖိုးမြင့် Arapaima ငါးကြီးတစ်ကောင်ကို ခိုးယူသတ်ဖြတ်ခဲ့သည်ဟု စွပ်စွဲခံထားရသည့် ဆောက်လုပ်ရေးအလုပ်သမား ၃ ဦးကို ရဲတပ်ဖွဲ့က ဖမ်းဆီးအရေးယူထားကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇွန်လ ၆ ရက်၊ တနင်္လာနေ့တွင် ဖြစ်ပွားခဲ့ပြီး၊ သံသယရှိသူများသည် အပန်းဖြေစခန်းအတွင်းရှိ ငါးမွေးကန်မှ Arapaima ငါးကြီးကို ခိုးယူထုတ်ဆောင်ကာ စခန်းအတွင်းရှိ နေအိမ်တစ်လုံးသို့ ယူဆောင်ပြီး သတ်ဖြတ်ကာ အသားလှီးဖြတ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးမှုများအရ သိရသည်။
မျက်မြင်သက်သေတစ်ဦးက ၎င်းတို့ ငါးကို လှီးဖြတ်ကာ အသားများကို ခွဲဝေယူရန် ပြင်ဆင်နေသည်ကို တွေ့ရှိခဲ့ပြီး၊ အပန်းဖြေစခန်း၏ ကြီးကြပ်ရေးမှူးနှင့် လုံခြုံရေးဝန်ထမ်းများထံ ချက်ချင်းအကြောင်းကြားခဲ့သည်။ ထို့နောက် သံသယရှိသူ ၃ ဦးကို ဖမ်းဆီးကာ ရဲတပ်ဖွဲ့ထံ လွှဲပြောင်းအပ်နှံခဲ့ပြီး သက်ဆိုင်ရာဥပဒေအရ အမှုဖွင့်အရေးယူရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ခိုးယူသတ်ဖြတ်ခံရသည့် Arapaima ငါးကြီးမှာ အလေးချိန် ၉၀ ကီလိုဂရမ်၊ အရှည် ၆.၇ ပေရှိပြီး အသက် ၂၅ နှစ်ခန့် ရှိကြောင်း ရဲတပ်ဖွဲ့က ပြောကြားသည်။ ထိုငါး၏ တန်ဖိုးမှာ ဖိလစ်ပိုင်ပီဆို ၇ သန်းခန့်ရှိသည်ဟု သိရသည်။
Arapaima သည် ကမ္ဘာ့အကြီးဆုံး ရေချိုငါးမျိုးစိတ်များထဲမှ တစ်မျိုးဖြစ်ပြီး အလေးချိန် ၂၀၀ ကီလိုဂရမ်ကျော်နှင့် အရှည် ၁၀ ပေအထိ ကြီးထွားနိုင်သည့် ရှားပါးငါးမျိုးစိတ်တစ်မျိုးအဖြစ် လူသိများသည်။
#သုတမြေ #ငါး #သတင်းထူးသတင်းဦး
See less
