ဧပြီလအတွင်း အပူလှိုင်းပြင်းထန်မှုကြောင့် ကမ္ဘာတဝှမ်း အပူချိန်မြင့်တက်လာနေချိန်တွင် မြန်မာနိုင်ငံမှ မြို့များအများအပြားသည် ကမ္ဘာ့အပူဆုံးမြို့

ဧပြီလအတွင်း အပူလှိုင်းပြင်းထန်မှုကြောင့် ကမ္ဘာတဝှမ်း အပူချိန်မြင့်တက်လာနေချိန်တွင် မြန်မာနိုင်ငံမှ မြို့များအများအပြားသည် ကမ္ဘာ့အပူဆုံးမြို့စာရင်းတွင် ထင်ရှားစွာ ပါဝင်လာကြောင်း မိုးလေဝသအချက်အလက်များထုတ်ပြန်သည့် Eldorado Weather က ဖော်ပြထားသည်။
ဧပြီ ၁ ရက် မွန်းလွဲပိုင်းတွင် ထုတ်ပြန်ထားသည့် နောက်ဆုံးစာရင်းအရ မကွေးတိုင်းဒေသကြီးရှိ မင်းဘူးမြို့သည် အပူချိန် ၄၃ ဒီဂရီစင်တီဂရိတ်ဖြင့် ကမ္ဘာ့အပူဆုံးမြို့အဖြစ် အဆင့် ၁ တွင် ရပ်တည်နေသည်။ ထို့အပြင် မကွေးမြို့မှာ ၄၁.၈ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၃၊ ချောက်မြို့မှာ ၄၁.၄ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၄၊ တောင်ငူမြို့မှာ ၄၁ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၅ အဖြစ် စာရင်းဝင်ထားသည်။
ထို့အပြင် ပဲခူးတိုင်းဒေသကြီးရှိ ပြည်မြို့သည် ၄၀.၆ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၇ တွင်ပါဝင်ပြီး၊ ဟင်္သာတမြို့၊ ဘားအံမြို့နှင့် မိတ္ထီလာမြို့တို့သည်လည်း ၄၀ ဒီဂရီစင်တီဂရိတ်ဖြင့် အဆင့် ၁၃ မှ ၁၅ အထိ အသီးသီး တက်ရောက်နေကြောင်း သိရသည်။
မတ်လကုန်ပိုင်းမှစတင်ကာ မြန်မာနိုင်ငံမှ မြို့များသည် ကမ္ဘာ့အပူဆုံးမြို့စာရင်းထဲသို့ ဆက်တိုက်ဝင်ရောက်လာခဲ့ပြီး ယခင်က အပူဆုံးစာရင်းတွင် အများအားဖြင့် ပါဝင်နေခဲ့သော အာဖရိကနှင့် အိန္ဒိယနိုင်ငံများရှိ မြို့များကို ကျော်လွန်ကာ ထိပ်ဆုံးနေရာများထိ တက်ရောက်လာခြင်းဖြစ်သည်။
လက်ရှိစာရင်းအရ မြန်မာနိုင်ငံမှ မြို့များအပြင် တောင်အာဖရိက၊ ထိုင်းနှင့် အိန္ဒိယနိုင်ငံများမှ မြို့များလည်း ကမ္ဘာ့အပူဆုံးမြို့များစာရင်းတွင် ပါဝင်နေဆဲဖြစ်ကြောင်း သိရသည်။
